Brain Fog (သို့မဟုတ်) ဦးနှောက် မြူဆိုင်းထိုင်းမှိုင်းခြင်း
ဆောင်းမနက်ခင်းတွေမှာ မြူတွေဆိုင်းနေတဲ့အခါမျိုးမှာ မြင်ကွင်းတွေအကုန် ဝေဝါးမှုန်ရီနေသလိုမျိုးပဲ လူတစ်ယောက်ရဲ့ ဦးနှောက်ဟာလည်း လေးလံမှုန်ပြ ထိုင်းမှိုင်းနေတတ်ပါတယ်။ ဒီလိုမျိုး စိတ်လက်မကြည်သာဘဲ လေးလံထိုင်းမှိုင်းကာ ဇဝေဇဝါဖြစ်တဲ့ စိတ်အခြေအနေကို Brain Fog (ဦးနှောက်မြူဆိုင်း ထိုင်းမှိုင်းတယ်လို့) တင်စားခေါ်ဝေါ်ပါတယ်။
ကြုံတွေ့နေကျ ဘဝရဲ့ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့
- အိပ်ရေးပျက်ခြင်း၊
- စိတ်ဓာတ်ကျခြင်း၊
- စိတ်ဖိစီးခြင်း၊
- အိုမင်းရင့်ရော်လာမှုကြောင့် Dementia ရောဂါ စွဲကပ်လာခြင်း၊
- အမျိုးသမီးများ ရာသီသွေးဆင်းချိန်ကာလဖြစ်နေခြင်း၊
- သိုင်းရွိုက် ကဲ့သို့သော ဟော်မုန်းရောဂါတစ်ခုခုရှိနေခြင်း၊
- နာတာရှည်ရောဂါများတစ်စုံတစ်ရာ စွဲကပ်နေခြင်း၊
- ဗီတာမင် B12 ချို့တဲ့ခြင်းကဲ့သို့သော အာဟာရချို့တဲ့ခြင်းပြသာနာများ စတဲ့ကျန်းမာရေး အခြေအနေတွေကို ရင်ဆိုင်လာရတဲ့အခါမျိုးမှာ လူအများစုဟာ Brain Fog ပြဿနာကိုပါ နောက်ဆက်တွဲအဖြစ် ခံစားရတတ်ပါတယ်။
အထက်ပါအခြေအနေ နှစ်ရပ် ဒါမှမဟုတ် သုံးရပ်လောက် ပေါင်းဆုံသွားချိန်တွေမှာ Brain Fog ပိုဖြစ်နိုင်ခြေများပါတယ်။ ဒါကလည်း မဆန်းကြယ်လှတဲ့အခြေအနေပါ။ ဥပမာ စိတ်ဓာတ်ကျ၍ အိပ်ရေးပျက်၊ အိပ်ရေးပျက်ကာ Brain Fog ဖြစ်၊ အလုပ်မတွင်ကျယ် စိတ်ဖိစီးမှုကို ပိုဆိုးစသည်ဖြင့် အဆိုးကျော့ သံသရာမှာ တဝဲလည်လည်ဖြစ်နေတာမျိုးပေါ့။
Brain Fog လို့ ယူဆနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့
- ထိုးထွင်း မစဉ်းစားနိုင်တော့ခြင်း၊
- အကြောင်းအရာများကို မကြာခဏ မေ့လျော့ခြင်း၊
- အလုပ်နှစ်ခု၊ သုံးခု ကို တစ်ပြိုင်နက် စီမံရလျှင် အခက်အခဲကြုံရခြင်း၊
- ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ရာ၊ အာရုံစိုက်ရာမှာ များစွာ အခက်ကြုံရခြင်း၊
- ခေါင်းကိုက်ခြင်း၊
- စိတ်ပင်ပန်းခြင်း စတာတွေပဲဖြစ်ပါတယ်။
ဒါကြောင့် Brain Fog မဖြစ်စေဖို့ဆိုရင်
- တစ်ညတာ အိပ်စက်ချိန် အနည်းဆုံး ၇ နာရီ ရှိပါစေ
- အသစ်အသစ်များကို ပြောင်းလဲစမ်းသပ်ကြည့်ပါ (အလုပ်သွားတဲ့ လမ်းကြောင်းကို တခြားလမ်းမှ သွားကြည့်တာမျိုး၊ သီချင်းအမျိုးအစား အသစ်ကိုနားထောင်ကြည့်တာမျိုး)
- မှတ်ဉာဏ်အတွက် လေ့ကျင့်ပေးပါ (နာမည်များ မေ့တတ်လျင် ခဏခဏ ရွတ်ကြည့်တာမျိုး)
- စိတ်ကို အေးချမ်းအောင် အနားပေးပါ
- အာရုံကို စူးစိုက်ကာ စိတ်အေးအေးထားပြီး တစ်ခုပြီးမှ တစ်ခု ဖြေးဖြေးချင်းလုပ်ဆောင်ပါ
- အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ၊ တရားထိုင်ပါ
- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
- ကျန်းမာသင့်တင့်မျှတစွာ စားပါ
- အရက်နဲ့ မူးယစ်မိန်းမောစေသော ဆေးဝါးတွေကို ရှောင်ကျဉ်ပါ
ဒီနည်းလမ်းတွေက သင့်ကို ဦးနှောက်မြူဖုံးခြင်းကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပြီးတော့ အမြဲစိတ်ကြည်လန်းဆန်းနေအောင် အထောက်အကူဖြစ်စေပါလိမ့်မယ်။
Dr. MMT
A she 07 Sep 2023 |
ဦးနောက်မြူဖုံးခြင်းကနေကာကွယ်ပေးရုံပဲလားပြောက်ကင်းအောင်ကောဘယ်လိုလုပ်ရမလဲ